မိုင်ထောင်ခရီး အပြီးနှင် မန်စီခရီးစဉ်
Story By: Win Nyunt Lwin (EMBA 6)

ခြံစည်းရိုးရဲ့ ဒီဘက်ခြမ်းက မူဆယ်မြို့- မြန်မာပြည်၊ဟိုဘက်ခြမ်းက ကြယ်ဂေါင်မြို့ တရုတ်ပြည်။ ငွေတစ်ထောင်ကျပ်နဲ့ ယာယီနိုင်ငံကူး လက်မှတ်ပြုကာတစ်ရက်တာသွားရောက် ခဲ့တဲ့ တရုတ်ပြည်။ ဒီဘက်ခြမ်းမှာတော့ အသီးအနှံတွေ ပေါတယ်။ ဟိုဘက်ခြမ်းကတော့ လျပ်စစ် ပစ္စည်းတွေ လှိုင်လှိုင်ပေါတယ်။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်း နှစ်ခြမ်း စလုံးမှာတော့ အ၀တ်အထည်၊ လျပ်စစ် ပစ္စည်းဆိုင်တွေနဲ့ ပြည့်နှက်လို့နေတယ်။ သူ့လိုရာကိုယ်ဖြည့်၊ ကိုယ့်လိုရာသူ ဖြည့်လို့ နှစ်နိုင်ငံကုန်သွယ်ရေးဟာ စည်ကားလို့နေတယ်။
ကျွန်တော်တို့ မူဆယ်ရောက်တော့ နှစ်ရက်တာခရီးနှင်ခဲ့ပြီးဖြစ်လို့ ပင်ပန်းနေ ကြပါပြီ။ မရောက်ဖူးတဲ့ နယ်စပ်ခရီးစဉ် မို့ အားလုံးဟာ ပင်ပန်းနေကြပေမယ့် ပျော်ပျော်ပါးပါး။ သူငယ်ချင်းတွေ အများကြီး အတူတူ သွားတာမို့ ရောက်တဲ့ နေရာတိုင်း မှာစည်စည်ကားကားလည်း ရှိခဲ့တယ်။ ရန်ကုန်မှ မေမြို့။ ထိုမှသည် လားရှိုး၊ ပြီးတော့ မူဆယ်သို့ရောက်ခဲ့ကြတယ်။ မေမြို့ကအထွက် နောင်ချိုကိုကျော်တော့ မြင့်မားတဲ့ တောင်တန်းကြီးတွေ ကြား ခရီးနှင်ရတာ စိတ်လှုပ်ရှားဖွယ်အတိပါပဲ။ လမ်းဘေးတစ်ဘက်တစ်ချက် ချောက်ကမ်းပါးကြီးတွေရယ်၊ ရှေ့ဆက် ကွေ့ကောက်မြင်နေတဲ့ရတဲ့ လမ်း အချိုးတွေရယ်၊ တောတောင်သဘာဝတွေက အမြင်တွေကို ဆန်းသစ်စေတယ်။

''မူဆယ်လမ်း ကားလေးနဲ့ လှမ်းကာလေ၊ ကြုံဆုံလို့ ရောက်ခဲ့တဲ့ ရှမ်းဌာနေ'' ဆိုတဲ့ စိုင်းဆိုင်မော့ရဲ့ သီချင်းကို အားလုံး လိုက်ဆိုလို့လည်းပျော်ခဲ့ကြရတယ်။ ''နိုင်ငံအ၀ှမ်းသစ်တောစွမ်းဖြင့် စိမ်းလန်းစေရမည်'' ဆိုတဲ့ စာတန်းတွေကိုတွေ့ရသလို ထူထပ်တဲ့သစ်ပင်များစွာဟာလည်း တောတောင်များအကြားအထပ်ထပ်။ ကျောက်မဲ၊ သီပေါ၊ လားရှိုးဆိုတဲ့ မြို့တွေကို ကျွန်တော်တို့ ဖြတ်ကျော်ခဲ့တယ်။ စခန်းသာရွာ၊ ပန်စောက်ရွာ၊နမ့်တွန်းရွာ၊ ပန်ဆုံရွာစတဲ့ လှပတဲ့အမည်ရှိတဲ့ ရွာတွေကိုလည်း ဖြတ်ခဲ့ကြတယ်။ ကျောက်မဲမှာ ပေါတယ်ဆိုတဲ့ ကြော်စား၊ ကင်စားလို့ရတဲ့ နို့ခြောက်ပြားတွေကိုတော့ အပြန်လမ်းမှာ အားလုံးဝယ်ခဲ့ကြတယ်။ ထမင်းဆိုင်ကြီးမှာ နေ့လည်စာ ၀င်စားကြရင်း တစ်ထုပ် ၁၂၀၀ကျပ်နဲ့ သုံးထုပ်ကို ၃၅၀၀ နဲ့ လျော့ပေးလို့ တန်လိုက်တာဆိုပြီး ပျော်ပျော်ကြီး ၀ယ်ခဲ့ကြသူတွေကတော့ ဆိုင်ရဲ့ ရှေ့တည့်တည့် ပင်ရင်းဆိုင်မှာ တစ်ထုတ် ၉၀၀ နဲ့ရတာသိချိန်မှာတော့ စကား မဆက်ကြတော့ဘူး။

တောင်ထိပ်တွေပေါ်မှာ ခက်ခက်ခဲခဲ တည်ထားတဲ့ စေတီတော်တွေကို ဖူးတွေ့ရသလို ရွာလေးတွေရဲ့ ထိပ်မှာ အလံဖြူ၊ အလံနီတွေ ၀န်းရံနေတဲ့ ကိုးမြို့ ရှင်နတ်နန်းတွေကိုလည်း တွေ့ရတယ်။ ရွာတွေ၊ မြို့တွေမှာ ဆိုင်ကယ်နောက်ခုံပေါ် တန်းထိုးပြီး ခြင်းတောင်းကြီးတွေ ချိတ်လို့ လှည့်လှည်ဈေးရောင်းသူတွေ ကို ခေါင်းရွက်ဈေးသည်အဖြစ်မဟုတ်ပဲ ဆိုင်ကယ်ဈေးသည်အဖြစ်လည်း တွေ့ရတယ်။ သီပေါမြို့နားရောက်တော့ အရှိန်ပြင်းပြင်း စီးဆင်းနေတဲ့ ဒုဋ္ဌ၀တီမြစ်ကြီးကိုမြင်တော့ ဘေးက အကိုတစ်ယောက်က ''ဒုဋ္ဌ၀တီမြစ်ရေ တစ်ခါချိုးရင် သုံးခါချိုး ရတယ်။ တစ်ခါသောက်ပြီးရင် မပြန်နိုင် ဘူးလို့ အဆိုရှိတယ်ဗျ'' လို့ ဆိုပြန်တယ်။ သီပေါအကျော်လေးမှာတော့ ဒုဋ္ဌ၀တီ မြစ်ကူးတံတားသစ်ကြီး ဆောက်နေတာတွေ့ရတယ်။
သီပေါမြို့က ထင်ရှားတဲ့ ဘော်ကြို မုဋ္ဌောစေတီကိုလည်း အပြန်လမ်းမှာ ဖူးမျော်ခဲ့ကြသေးတယ်။ နှစ်စဉ် တပေါင်း လဆန်း ၁၀ ရက်ကနေ့ မှ လပြည့်ကျော် ၁ ရက်နေ့အထိ ဘုရားပွဲကျင်းပတဲ့ ဘော် ကြိုမုဋ္ဌောစေတီတော်ကြီးဟာ 'ပေါ့ကြို' မှ 'ဘော်ကြို' ဆိုပြီး ပြောင်းလဲလာတာ လို့လည်း ဆိုကြပါတယ်။ အနော်ရထာမင်းကြီးရဲ့ မိဖုရားငယ် 'စောမွန်လှ' ရွာအပြန်လမ်းမှာ အဖေဖြစ် သူက လာကြိုတာကိုအစွဲပြုပြီး မှဲ့ခေါ် ရာက ပေါ့ (အဖေ) ကြို (လာကြို) ဘုရား လို့ အမည်ပြောင်းလာတယ်လို့လည်း ဆိုကြတယ်။

လာရှိုးမြို့ကိုရောက်တော့ တိုင်းရင်း သားများ စည်းလုံးညီñွတ်မှုကို ကိုယ် စားပြုတဲ့ထင်းအစည်းလိုက်ချိုးလို့ မကျိုး နိုင်ပုံ မြို့လယ်ကျောက်ရုပ်ကို တွေ့ရတယ်။ ၀က်စပ်၊ ၀က်ချို၊ ၀က်မြစ်ဟင်း၊ ၊မှိုကျော်တွေဟာ ထူးခြားတဲ့ အရသာရှိ သလို ခရမ်းချဉ်သီးနဲ့ လုပ်ထားတဲ့ ပန်ထွေဖျော်ဟာ ကျွန်တော့အတွက် အလွန်ခံတွင်း မိန်စေခဲ့တယ်။ စပါးခင်းတွေရယ်၊ စိမ်းလန်းတဲ့ တောင်တန်းကြီးတွေရယ်၊ လှပတဲ့ကောင်းကင်ပြာနောက်ခံနဲ့ ပဏာရနေတဲ့ သိန်းနီမြို့ကြီးကို မြင်ရချိန်မှာလည်း ကျွန် တော်တို့ အားလုံးမှင်သက်မိခဲ့ကြတယ်။ အစိုးရရုံးတွေမှာတော့ သိန်းနီလို့ ရေးပြီး ရွာရဲ့ ရှေးကျတဲ့ အဆောက်အဦးတစ်ခုမှာတော့ သိန္နီလို့ရေးထားတဲ့ ကွဲပြားမှုကိုလည်း သတိထားခဲ့မိတယ်။ သိန်းနီကိုကျော်လို့ မန်ပိန်းရွာနားက နေ ပြန်လှည့်အကြည့် သိန်းနီမြို့ကို တောင်ပေါ်က တွေ့ရတဲ့ မြင်ကွင်းဟာ အလွန်လှပတဲ့ သဘာဝရှုခင်းတစ်ခုပါပဲ။
မိုးတွင်းမို့ ñို့ñို့မှိုင်းတေင်းတန်းကြီးတွေနဲ့ သိန်းနီမြို့ရဲ့ ဘဲဥသဏ္ဍာန်ရေကန် တော်ကြီးဟာ အလွန်တင့်တယ်လှပါတယ်။ ကောက်ရိုး၊ မြေနီနဲ့ သရိုးကိုင်ပြီး ဆောက်ထားတဲ့ အိမ်လေးတွေဟာလဲအမြင်ကို ထူးခြားစေခဲ့တယ်။ မူဆယ်ကို မရောက်ခင် ၁၀၅ မိုင် စစ် ဆေးရေးစခန်းဟာ အလွန်ကို ခမ်းနားလှပြီး သစ်သီးဝလံတွေ တင်ထားတဲ့ကားကြီးများစွာနဲ့ စည်းကားနေတယ်။ မူဆယ်မှာ တစ်ညအိပ်လို့ တရုတ်ပြည်ဘက် ကြယ်ဂေါင်မြို့ကို ရောက် တယ်ဆိုရင်ပဲ သတိထားမိတာက စနစ်ကျလွန်းတဲ့ လမ်းဖောက်လုပ်ထားမှုပါပဲ။ ဆိုင်တွေ ပေါတယ်။ စားစရာပေါတယ်။ ကြယ်ခေါင်မှ ရွှေလီ၊ ရွှေလီမှ မန်စီမြို့ကို ခရီးဆက်လို့ ရောက်ခဲ့တဲ့ တရုတ်ပြည်ဟာ အမှတ်တရများစွာပါပဲ။ မြန်မာပြည်နဲ့ နယ်စပ်မြို့တွေဖြစ်တာရယ်၊ ကုန်သွယ်မှုမှာ မြန်မာပြည်က ဈေးဝယ်သူတွေ များတာမို့ ဆိုင်အများစုမှာမြန်မာလို ပြောတတ်သူတွေ ရှိနေလို့ ဈေးဝယ်ရတာ အခက်အခဲမရှိလှပါဘူး။

ရွှေလီမှာ မြို့ထဲ ဘယ်သွားသွား တရုတ်ငွေ ငါးယွမ်သာ (ပျမ်းမျ ၈၀၀ ကျပ်ကျော်ကျော်သာ) ပေးရတဲ့ အငှားကားစီးရတဲ့ စနစ်က ဧည့်သည်ခရီးသွားတွေကို စိတ်ချမ်းသာစေတယ်။ ည ၁၂ နာရီကျော်ရင်တော့ ၁၀ ယွမ်ပေးရပါ တယ်။ မန်စီကိုရောက်တုန်း ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ် တောင်ထိပ်ပေါ်က မိုင်းခွန်ရွှေစေတီတော်ကြီးကိုလည်း ဖူးမျော်ခဲ့ကြတယ်။ ဘုရားဝင်ကြေးတစ်ဦးက ၁၅ ယွမ်( ကျပ် ၂၄၀၀ ခန့်) ပေးရပြီးဝင်ကြေးကို ကန်ထရိုက်စနစ်ပေးထားတယ်လို့ဝင်ကြေးဂိတ်စောင့်သူကဆိုတယ်။ လှိုင်ဂူဘုရားဖြစ်ပြီး အတွင်းမှာ လေး ဘက်လေးနံ ပလ္လင်များမှာတော့ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ကွမ်ယင်မယ်တော်နဲ့ အမ်းကုန်းဘိုးတော် တို့ကို အသီးသီး တည်ထားကိုးကွယ်ထား ပါတယ်။ အရသာရှိလှတဲ့ ဘဲကင်တစ်ကောင် ကို ၄၀၀၀ (ကျပ်) လောက်ပဲ ပေးရတဲ့ မန်စီမြို့ နေ့လည်စာဟာလည်း အားလုံးအတွက် ပေါပေါများများ၊ စားပွဲထိုး ကောင်မလေးတွေ့နဲ့ ကိုယ့်စကားသူနားမလည်၊ သူ့စကား ကိုယ့်နားမ လည်တဲ့အဖြစ်ကလည်း အမှတ်တရဖြစ်စေခဲ့သလို အပြန်လမ်းမူဆယ်ဈေး က ရှမ်းခေါက်ဆွဲဟာလည်း ကိုစိုင်းဆိုင်မော့ရဲ့ သီချင်းထဲကလို ကောင်းလွန်းလို့ နောက်တစ်ခေါက် အရောက်လာ စားချင်ပါသေးတော့တယ်။
Comments (3)





















ဝမ်းသာပါသည်...